ကိုယ်တစ်ဦးတည်းအတွက် ရွေးပြီး လင်းတဲ့ ကြယ်



    ထူးထူးချွန်ချွန် ဒီကြယ်လေး
    ကိုယ့်ရင်ထဲမှာမှ သူက လာလင်းတယ်။

    သူ့လက်မောင်း ၀င်းဝါ၀ါ လေးကို ကွေးညှစ်ပြပြီး
    သူဟာ အစွမ်းအစ ရှိသူပါတဲ့
    သူ့ဖိတ်စင် ကျခဲ့တဲ့ အလင်းသဲ့သဲ့နဲ့ပဲ
    ကိုယ်ကလည်း ရောင့်ရဲ နိုင်သူ

    အခုလို သတင်းနည်းပညာခေတ်ကြီးထဲ
    ကိုယ့်ကြယ်လေးလည်း လိုက်လာ ထွန်းလင်းခဲ့ပါ့မယ်
    ဒီလို သူ ဆိုမှာပါပဲ
    ကိုယ် ဘယ်ရောက်ရောက်
    ကိုယ့်ကောင်းကင် မှာ သူ အမြဲရှိမယ်။

    ကိုယ့်အတွက်နဲ့
    ညည်းလက်မောင်း ၀င်းဝါ၀ါ လေးကို
    ကွေးညှစ် မပြ ပါနဲ့.... ကြယ်လေး
    ကိုယ့်စကားကို သူ ကြားအောင်
    မိုးပေါ်ကို မော့ပြီး
    ကိုယ် တိုးတိုးလေးပဲ ပြောချင်တယ်။

    သူ့ ပါးပြင်ပေါ်က သနပ်ခါးပွင့်လေးကို
    အဝေးကနေပဲ ကိုယ် တိုက်ခိုက်တော့မယ်
    ကိုယ့်ဘ၀ကို လမိုက်ညတစ်ညလို ခံယူခဲ့တာကလည်း
ုအဲဒီနေ့မှာမှ ကြယ်လေးက ပိုပြီးထွန်းလင်းလို့ပဲ
    သူရယ် ကိုယ်ရယ် ပြိုင်တူ လင်းလက် ဖို့
    ကိုယ့်ကောင်းကင်က ကျဉ်းလွန်းခဲ့တယ်

    ကိုယ်ရေးခဲ့တဲ့ ပရိုဂရမ် တစ်ပုဒ်နဲ့
    ထုတ်ဝေသူ မရှိတဲ့ ကိုယ့်ကဗျာ ပေါင်းချုပ်လေးဟာ
    သူ့ရဲ့ ဆောင်းည တွေအတွက် ဂွမ်းစောင်ထူထူလေးလို့
    ကြယ်လေး ခံယူနိုင်မှာမို့လား
    ကိုယ့်မျက်ရည်တွေက သူရှိရာ ကောင်းကင်ဆီကို လွင့်မျော ပျံတက်လို့။

    ကိုယ်လုပ်နိုင်တာက
    တောက်ပတဲ့ ကြယ်ပုံ ပန်းချီကားတွေကို
    ကိုယ့်အခန်းနံရံမှာ သပ်သပ်ရပ်ရပ် ကပ်ထားမယ်
    ကြိုးတန်းမှာ ကော်ရုပ် ကြယ်ပွင့်လေးတွေ ချိတ်ဆွဲမယ်
    သူ့မွေးနေ့မှာ ငွေစက္ကူ အသစ်တွေနဲ့ ကြယ်ပုံ ချိုးပြီး
    ဘုရားမှာ လှူမယ်။

    ကိုယ် ဒီလို စဉ်းစား ထားပါတယ် ကြယ်လေးရယ်
    ကိုယ်တစ်ဦးတည်းအတွက် ရွေးပြီး ထွန်းလင်းခဲ့ပါတယ်ဆိုလည်း။




    ပိုင်မင်းဆွေ
    ၁၃.၂.၂၀၀၈
    ညနေ ၇ နာရီ ၁၅ မိနစ်။



    .....................................................................
    ...............................................................................................................

    4 Responses

    1. ကဗျာလေးက ချစ်စရာလေး ကြယ်လေးကိုရော ဒီနေ့ ချောကလက်ကျွေးလားဗျ

    2. ကြယ်လေး က တစ်ယောက်တည်း ပဲ ရွေးပြီး လင်းတယ်တဲ့လား..
      ကြယ်လေးက ချစ်စရာလေး ကွေးကွေးသေးသေးလေး..

      ကောင်းတယ် ကိုပိုင်မင်းဆွေ.. နောက်ကဗျာတွေလည်း မျှော်နေပါတယ်

      ပျော်ရွင်သော နေ့ဖြစ်ပါစေနော်

    3. ကြယ်လေးနဲ့ အဆင်ပြေပါစေဗျာ။ စာသားတွေတော်တော်မိုက်တယ်ဗျာ။

    4. Wish it to be a Guiding and Shining star for u!!!