ဆောင်း၂



    အသံကုန်အောင်
    နှင်းထဲ ထိုးအော်ကြည့်
    မပေါက်ဘူး။

    စေ့နေအောင် ပိန်းပိတ်နေပုံ
    ငှက်ကလေးတွေ တေးမဆိုအောင်
    ချုပ်လုပ်ထားလား ဆောင်း။

    သူ့ကိုတိုက်ခိုက်ဖို့
    ဆွယ်တာလေးတွေ ထပ်ဝတ်ထားကြတယ်
    အဲဒါကိုပဲ ဆောင်းက သဘောအကျကြီးကျကာ
    တဟားဟား အော်ရယ်ပြန်တယ်
    အဲဒီ ရယ်သံဟာ ပုဇဉ်းရင်ကွဲ အသံတွေအဖြစ်
    မှောင်ထဲမှာ သောင်းကျန်းနေပြန်တယ်။

    အရိုးတွေကို ဆောင်းက
    အပျက်မလို့သဘောထားကာ ခပ်ကြမ်းကြမ်း ပွေ့ဖက်
    တုန်လို့ ခိုက်လို့
    စောင်ထဲက လက်ကလေး မထုတ်လိုက်နဲ့
    ထန်ကနဲ အသံပေးကာ ကျကွဲသွားမယ်။

    အေးခဲမှုမှာ မှင်တက်နေသူ
    ပဲခင်းစောင့် တောင်ယာတဲလေး
    မြို့ကြီးပြကြီးရဲ့ ကိုးလက်မအထူ အာစီတိုက်ကြီးက
    လူတွေကို ကာကွယ်ထားသလို
    သူလည်း ကာကွယ်ထားတာပါပဲ

    ဆောင်းကိုချောင်းရိုက်ဖို့
    တတ်နိုင်ပါ့မလား အတွေးမဆုံးခင်
    အဲဒီ စက်စက်မြည်အောင် အအေးထဲကြီး
    လူတစ်ချို့ ထထွက်လာတယ်
    ကိုယ့်အပူနဲ့ကိုယ်မို့ မမြင်တော့တဲ့ပုံစံ
    နှင်းထဲတိုးကာ လောင်မြိုက်ကြတယ်
    ဆောင်းကလည်း မရတော့ဘူး
    ကြောက်မယ်ဖွယ် အေးခဲ ပြ
    သူ့ရဲ့အစွယ်ကို ထုတ်ပြ
    ဘယ်လိုမှ မမီတော့ဘူး
    စိတ်လျော့သွားတဲ့ ဆောင်း
    အတတ်နိုင်ဆုံး ကျွန်တော် တာဝန်ကျေခဲ့ပါတယ်တဲ့
    ဆောင်းက။




    ၆ နိုဝင်ဘာ ၂၀၀၇


    .................................................................






    6 Responses

    1. ကောင်းလိုက်တဲ့ ဆောင်း ချောင်းရိုက်ဖို့ ကောင်းအောင် တာဝန်ကျေလို့ ကိုယ့်မှာတော့ အေးခဲ စောင်ကိုခြုံလို့ မနွေးဆဲ မင်းကိုယ်ငွေ့နဲ့မှ နွေးမယ်ကွယ်ကွယ် :P

    2. ဒီဆောင်းက ချမ်းတယ်ကြမ်းတယ် မှိုင်းတယ်ရိုင်းတယ် တာဝန်ကျေသတဲ့လား သမာဓိပြုံးပြုံးနေတဲ့ဆောင်း

    3. မပန်နဲ့ မမီ တို့ကား ကဗျာကို အစ အဆုံး ဖတ်သည်ဟု ထင်မိပါ၏ ။
      ထို့ကြောင့်လည်း မှတ်ချက် ရေးဖြစ်ကြတာပေါ့ ( ကျွန်တော်ထင်တာပေါ့ ) ။
      မမီကား ဟာသ ဓာတ်ခံလေးကို ခဏဖယ် ၊ အားတင်းပြီး အတည်ဖြစ်အောင် ရေးရတာလား မသိ ( အမှန်က သူ ဥာဏ်ကောင်းကြောင်း ကျွန်တော်သိထားတယ် )။
      ဆောင်းကို သူတို့နှစ်ယောက် မြင်ပုံချင်းမှာကား မတူပေ။

    4. ဒီကဗျာလေး အရမ်းလှတယ်ဗျာ။

    5. "သူ့ကိုတိုက်ခိုက်ဖို့
      ဆွယ်တာလေးတွေ ထပ်ဝတ်ထားကြတယ်
      အဲဒါကိုပဲ ဆောင်းက သဘောအကျကြီးကျကာ
      တဟားဟား အော်ရယ်ပြန်တယ်"

      တင်စားမှုတွေ အရမ်းလှတယ်ဗျာ။

    6. ဆောင်းဆိုတာ မရှိတဲ့ ဒီနိုင်ငံမှာ ကဗျာဖတ်ပြီးပဲ ဆောင်းတွင်းရောက်လိုက်ပါတယ်။