လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Monday, August 16, 2010

ငါနဲ့လမ်း

ခြေတစ်လှမ်းချလိုက်တိုင်း ပို၍ဆန့်ကား
ရှည်ထွက်သွားတဲ့လမ်းမ
အဲဒီလမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီတစ်ဦးတစ်ယောက်ဟာ ငါဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါလျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း။

နေမျိုး

လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်မှ

Friday, August 6, 2010

မိသားစု

အငယ်ကောင်က ထမင်းဝိုင်းပြင်တော့
အကြီးကောင်က ဓားသွေးနေတယ်
ညီမလေး ပန်းကန်တွေ ဆေးထားပါ
ဖေဖေ ပြန်မလာသေးဘူးလား
မေမေ အိမ်ရှေ့ထွက်မျှော်နေတုန်းပဲလား။

ပိုင်မင်းဆွေ
(ဂျူလိုင် ၂၀၁၀)


Wednesday, August 4, 2010

ကျေးလက်ရိုးရာ သစ်စေ့ချတေး


ထစမ်းကွယ်
မနက်
မနက်
မျက်ရည်လေး ခေါက်သိမ်းပြီး
သမီးရေ
ကိုကိုတို့နဲ့ ကျောင်းလိုက်သွားပါကွယ်
ဒါ
နားဆွဲကြီး ကြီးကြီးသီးလာအောင်
နားဆွဲ သေးသေးလေးကို ဖြုတ်ပြီး
စိုက်ပျိုးထားရတာပေါ့။

ခင်မောင်နိုင်ဦး

ပေဖူးလွှာမဂ္ဂဇင်း။

Saturday, July 31, 2010

ယာဉ်ပျံကြီး စီးပြီး ရောက်လာတယ်

တစ်ခုခုဆို မြို့ပြင်ဖက် ထွက်ကြည့်တတ်ကြလို့
မြို့ပြင်ဖက် ရွေးဆင်းခဲ့တာ
အ အာ အိ အီ နဲ့ပဲ နှုတ်ခွန်းဆက်ရတယ်
ဒါတောင် ဂြီဂြီ ဂေါင်ဂေါင်တွေ မပြောရသေးဘူး
လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား
ကင်မရာလေးထုတ်ပြီး တဖျပ်ဖျပ် တချပ်ချပ်
မြင်သမျှမှတ်တမ်းတင်ရ ပြန်ရောက်ရင်
ရီပို့တင်ဖို့ ဖတ်ညွှန်းရေးဖို့
ဒီလိုနဲ့ မီဒီယာတွေ ၀ိုင်းမလာခင်
ထန်းရည်သောက် ကျူရိုးဦးထုပ်လေးဆောင်းပြီး
တနင်္ဂနွေနေ့က ပြန်ခဲ့တယ်။

ပိုင်မင်းဆွေ
(၈ ဂျူလိုင် ၂၀၁၀)

Wednesday, July 28, 2010

ပွန်းပဲ့နေတဲ့ငှက်တစ်ကောင်

အပြင်မှာ
မှောင်တော့မယ် ညီမလေးရေ

ခုလိုညနေခင်းတွေဆို
ခိုကိုးရာမဲ့ငှက်တွေကို အစာချကျွေးရင်း
ကိုယ့်ညီမလေးလည်း
လောကကို တစ်ဆုံးတွေးနေတော့မယ်။

အေးကွာ
မြို့ကြီးပြကြီးဆိုတာလည်း
တောကြီးမျက်မည်းလိုပါပဲ
လမ်းမနဲ့တူတဲ့ကိုယ့်ဘ၀ကို
ငုံ့ကြည့်ပြီး လျှောက်တာတောင်
လမ်းပျောက်လိုပျောက်
သစ်ပင်နဲ့တူတဲ့ လူရဲ့အောက်မှာရပ်ရင်း
မျက်လုံးနဲ့မတူတဲ့ အကြည့်တွေကို ရှောင်ဖယ်ရင်း
ကိုယ့်ညီမလေးချကျွေးတဲ့
အစာဗန်းလေးထဲမှာ
ငှက်တစ်ကောင်ဖြစ်ချင်ပါတယ်။

အခုလို အမှောင်တွေ တရစ်ချင်းဆင်းလာပြီဆို
ကိုယ့်ကိုယ်ကို ညဥ့်နက်ထားရတဲ့နေ့တွေဟာ
ခေါင်းပေါ်ကဆံပင်တွေလို ရှည်လျားဆဲ
ဒုက္ခဆိုတာကလည်း
တစ်ခါတစ်လေ ဖီးသင်သပ်ရပ်လိုက်
တစ်ခါတစ်လေ ရှုပ်ထွေးပွယောင်းလိုက်မဟုတ်လား
ငှက်တွေအိပ်တန်းဝင်ကြပြီ ညီမလေးရေ
"
ငါလည်းဒီည ဘယ်အကိုင်းမှာနားမလဲ"
အတွေးထူထူ
တိရစ္ဆာန်ရုံနဲ့တူတဲ့
ဆူဆူညံညံ အရက်ဆိုင်လေးထဲက ထွက်လာခဲ့တယ်။

ကဲ . . .
လောကကို ခပ်မော့မော့ကြည့်တတ်တဲ့ ကိုယ့်ညီမလေးရေ
မိုးတွေလည်းမှောင်လာပြီ
မင်းအခန်းတံခါးကို ပိတ်လိုက်တော့
မင်းစာဖတ်ချိန် မင်းအိပ်ချိန်
ပြီးတော့ မင်းအိပ်မက်တွေထဲ
ခေါင်းငိုက်စိုက် ပျံသန်းလာတဲ့ငှက်တစ်ကောင်
ခပ်တိုးတိုးပေါက်ကွဲရင်း
လမ်းလျှောက်နေတာတွေ့ရင်လည်း
မင်းသိထားတဲ့ အဘိဓမ္မာတွေ ဒိုင်ယာလော့တွေနဲ့
ငါ့ဘ၀ထဲ ချကျွေးပါအုံးကွာ

ဝင်းမြင့်

Thursday, July 22, 2010

ငါ့ရဲ့အခင်းအကျင်း

ငါ့အရိုးတွေအကြောင်း ငါမပြောနိုင်
ငါ စိတ်လိုလက်ရရှိတုန်းကတော့
ငါ့ကိုယ်ထဲ ငါစမ်းကြည့်
ငါ့သွေးကြောထဲမှာ ချောက်နက်နက်တစ်ခုရှိတယ်
အဲဒီချောက်ထဲသို့ ငါလွှတ်လိုက်တဲ့ စာပို့ခိုတွေ
ငါ့ဆီတစ်ကောင်မှ ပြန်ရောက်မလာဖူးဘူး
တကယ်တော့ ငါ့အကြောင်းဟာ ပျင်းရိဖွယ်ပါ
ငါ့စိုက်ခင်းမှာ ထူးဆန်းတာဘာမှမရှိ
ငါ့မသိမှုတွေသာ ကိုင်းဆက် အသီးမြန်ခဲ့ရ
မျက်လုံးဝင်းဝင်းများနဲ့ မင်းကိုငါချစ်တယ်ဆိုပြီး
ကြာသပတေးညတွေမှာ ငါ ထထယောင်မယ်
ခေတ်နဲ့ ရင်းရင်းနှီးနှီးရှိတဲ့ ငါ့မီးတွေ
မြန်နှုန်းမြင့်မြင့် ထထလောင်မယ်
ဘီယာဆိုင်သွားရင်း ကေတီဗွီထိုင်ရင်း
ငါ လှလှပပ အရွယ်ရောက်လာတာဟာ
ငါ့ကိုဖမ်းမယ့် ငါ့ထောင်ချောက် ပိရိသေသပ်တာလို့ခေါ်တယ်
ဘွဲ့တွေရ လခတွေရ ဘယ်လောက်သေသပ်သလဲ
ဟိုဟာတွေငါပိုင် ဒီဟာတွေငါဆိုင်
ငါ့ဖြတ်လျှောက်ဇာတ်ဝင်ခန်းဟာ ကြေးကြီးလာခဲ့
ငါဟာမိန်းမော ငါဟာမျော ဒီလိုဆို
မဖြစ်သေးဘူး ငါအချီကြီးခုတ်ပိုင်းမိတော့မယ်
ငါ့ကြောက်စိတ်တစ်ပတ်ပြန်လည် ငါ့ကြေးစည်သံငါကြားမိ
ငါ့မွေးနေ့မှာ ငါ့ကိုယ်ငါ သွေးအေးအေး ဖြုတ်ပစ်တယ်
ငါဟာ ငါ့ပြုတ်ထွက်လက်နှစ်ဖက်ကို ကြည့်ပြီး ရယ်တယ်
ငါ့ပဲ့ကွာခြေထောက်နှစ်ချောင်းကို ကြည့်ပြီး မောတယ်
အခု ငါ့ကိုယ်ကောင်ဟာ ငါ့ညစာ
ငါ့ဦးခေါင်းက ၀ါးလုံးကွဲဟာသပဲ
ငါ့မျက်လုံးနဲ့ငါ့နားရွက်တွေကို ကိုင်ကြည့်နေတဲ့
ငါ သို့မဟုတ် ငါး
(ယနေ့ထိ) ငါ့ကိုဘာနဲ့မျှားမျှား
ငါတို့ မိမြဲမိတယ်။

ပိုင်မင်းဆွေ
( ၂၀ ဂျူလိုင် ၂၀၁၀)
၎း၁၁-၅း၀၀-၅း၂၄ မနက်။


*ကဗျာဆရာအောင်ပိုင်စိုးရဲ့ Poet's Choice အစီအစဉ် စာမူတောင်းတုန်းက ဒီကဗျာလေးကို ပေးခဲ့မိတယ်။
ဒီလင့်များမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

>>Poet's Choice by Pi Min Swe
>>ငါ့ရဲ့အခင်းအကျင်း

Friday, July 16, 2010

တစ္ဆေခြောက်တဲ့ည













"The Scream" Vincent Van Goh


တစ္ဆေခြောက်တဲ့ည

ဤအခန်းအား သံသယ၀င်လာသည့်အချိန်မှစ၍
အခန်းထောင့်ချိုးများပါမကျန် အေးစိမ့်လာမှု အနံ့စိမ်း
ပြတင်းတံခါးဆီကသစ်ရိပ်တို့နဲ့အတူ လူကလေးတစ်ယောက်
အသားပေါ်ဖုလုံးများထလာသည်အထိ ကမ္ဘာပျက်ကားထဲကလို
ရေလုံးကြီးတွေ မီးညွှန့်ခဲအပစ်အခတ်တွေပါတဲ့
နံရံက ပန်းချီကားကိုသာ မမှိတ်မသုန်စိုက်ကြည့်လို့
နေရာယူကျောမှီထားရာထောင့်ကလေးကနေ လက်သန်းလေးတောင်မဖော်ပြ၀ံ့
ထိုင်နေတဲ့လူဟာ ထလာမလား မှိတ်ထားတဲ့မျက်လုံးတွေများပွင့်လာမလား
ပန်းကနုတ်တွေနဲ့ကုလားထိုင်မှာ လက်နှစ်ဖက်တင်မျက်လုံးမှိတ်ထိုင်နေသူ
ဆိုဒ်ကြီးဓာတ်ပုံထဲကလူဆီလည်း မျက်လုံးကမခွာ
တစ်ချက်တစ်ချက် စက္ကန့်ဝက်လောက်စာ ဖြတ်လျှောက်အရိပ်များရဲ့
ခေါ်ဆောင်ရာ စိတ်ဟာ တစ်ကိုင်းမှတစ်ကိုင်း ရထားတစ်စီးမှတစ်စီး
ပြောင်းပြောင်းစီး ခုန်ခုန်ကူး ရုပ်ကတော့ သိစိတ်မှာတင်နေတဲ့
အချက်အလက်တွေနဲ့လည်းမလုံလောက်တော့ ဘာမှန်းဝေခွဲမရတာချင်းအတူတူ
နံရံကဓားဖြုတ်ပြီး ခုတ်ပိုင်းချလိုက်ရမလား ဟော... ညာဖက်သို့ရွေ့သွားပြန်ပြီ
မီးဖိုဖက်ဖြတ်ပြေးသွားပြန်ပြီ ပွတ်တိုက်ရွေ့လျားသံ တကျီကျီ ကြိတ်လှီးသံ
တွင်းခေါင်းထဲမှ စွဲစွဲငင်ငင်အူလိုက်သံလိုအသံ စာရွက်တွေ'တရွှပ်ရွှပ်'
လန်သွားသံ အမျိုးအမည်မသိအသံများဆီ ခြေကိုဖော့နင်း ဒီဖက်ထောင့်ကနေ
ဟိုမှာဖက်ဆီချောင်းကြည့် ထိုင်ခုံကထိုင်ခုံနေရာမရှိတော့ဘူး
စားပွဲတင်နာရီကကြမ်းပေါ်ကျကွဲ ရေပိုက်ခေါင်းနဲ့ကြွေဇလုံမှာ နီညစ်ညစ်အရည်တွေ
ကြည့်မှန်ထဲ သူလားငါလားအခြားတစ်ယောက်လား အမြန်မျက်နှာလွှဲရ
လက်သည်းနဲ့ဆွဲခြစ်ကုတ်ဖဲ့ထားသလို မှတ်စုတိုမှတ်တဲ့ဝှိုက်ဘုတ်ပေါ်မှာ
လူတစ်ယောက်လိုလို စကားလုံးတစ်လုံးလိုလို
တစ်နေရာကိုညွှန်ပြထားတဲ့မြေပုံလိုလို ခြစ်ရာတွေ...။

ပိုင်မင်းဆွေ
( ၁၄ ဂျူလိုင် ၂၀၁၀)

Friday, July 2, 2010

လက်ထပ်ပွဲ

တိမ်ပြာသော နေ့တစ်နေ့မှာ
ရောင်စုံပူပေါင်းများနဲ့ သတို့သမီး
ယာဉ်ပျံကြီးစီးပြီး ရောက်လာပြီ
ဒါဟာ ဂြိုလ်သစ်တစ်ခုတွေ့ရှိခြင်းပါတဲ့
သူမ ပြုံးထားတယ်
ဓာတ်ပုံရိုက်ပေးမယ့်သူ မရှိဘူး
လက်ခုပ်သံနဲ့ ပိုးသားဝတ်စုံ မရှိဘူး
အနာတရ မိုးတိမ်တွေ ဆင်ယင်၍ပဲ
ကာဆယ်နဲ့မြင်းကို ထိုးကျွေး၍ပဲ
ခန်းမထဲ တိတ်တဆိတ် လှမ်းလာတယ်
အလာတုန်းက ယာဉ်ပျံကြီး
ပေါက်ကွဲ ပျက်စီး သွားခဲ့ပြီ။

ပိုင်မင်းဆွေ
( ၂ ဂျူလိုင် ၂၀၁၀)

Thursday, July 1, 2010

ပြန်လာသူ

သူ့ကို သေချာထုပ်ပိုးပြီး
လက်ဆောင်ပစ္စည်းတစ်ခုလို ပြန်ပို့လိုက်ကြတယ်။

အထုပ်ကို ဖြေလိုက်တော့
မြင်သူအားလုံး လန့်သွားကြတယ်
သူ့တစ်ကိုယ်လုံး ချုပ်ရိုးတွေနဲ့။

ဘာဖြစ်ခဲ့တာလဲ
ကရုဏာနဲ့ မေးသူမေး
သူ့နှုတ်ခမ်းတွေပါ ဘယ်လိုလက်လွန်ချုပ်မိသွားလဲမသိဘူး။

သူ့မျက်လုံးတွေထဲမှာ
မျက်ရည်တွေဝဲလို့ --
သူ့မှတ်ဉာဏ်ရဲ့ ချုပ်ရိုးတွေထဲမှာ
မှောင်မိုက်ညပဲ။

သူ့ကို ထုပ်ပိုးခဲ့တဲ့
အရောင်တောက်တောက်
အဆင်လှလှ
ကိုင်လိုက်ရင် ကြွပ်ကြွပ်မြည်တဲ့
ထုပ်ပိုးစက္ကူကိုသာ ငေးစိုက်လို့။


ဇေယျာလင်း
(၂၁ ဧပြီ၊ ၂၀၀၃)

Saturday, June 26, 2010

ငှက်ကလေး













ငှက်ကလေး

လေချွန်သံကို ငှက်ကလေးက နားလည်တယ်
"ရွှီး" ဆို ပုခုံးပေါ် ရုတ်ချည်း ရောက်ရောက်လာတယ်
သူ့အတောင်ပံတွေနဲ့ လူကို ဆွဲချည်တစ်ခါ ခတ်ချည်တစ်လှည့် မြူးထူးလို့
လက်ဟန်ခြေဟန်ကို ငှက်ကလေးက သိတယ်
သူဘယ်တော့မှ ခပ်ဝေးဝေး ပျံသန်းမသွားဖူးဘူး
အဝေးက လေးလံမှုန်မှိုင်းမှုတိမ်တွေ ပြိုဆင်းလာပြန်ပြီ
နေညိုရင် ဒီလမ်းကလေးမှာ မြွေလိမ်မြွေကောက်ပုံစံ ဆိုင်ကယ်ထွက်စီးကြမယ်
ထန်းပင်တွေနဲ့အနားသတ်ထားတဲ့ လွင်ပြင်ဟိုဖက်မှာ ဘာရှိလဲ
ငှက်ကလေး မျက်လုံးတွေ ၀င့်ပြီး မေးဖူးတယ်
လေချွန်တတ်သူရဲ့ ဆံပင်ရှည်တွေကို ထိုးဆိတ် ဆွဲဖွနေရတာ နှစ်ခြိုက်တယ်
နွေဦးကိုလည်းစောင့်ကြည့်ဖူးတယ် သတိရမှုကိုလည်းပိုင်ဆိုင်ဖူးတယ်
လေချွန်တတ်သူကို ကမ္ဘာတစ်ခုလို့ ငှက်ကလေး ထင်နေတုန်းကပေါ့
တရုတ်ဆိုင်ကယ်လေးကိုယ်တိုင်မောင်းပြီး လာနေကျလမ်းကလေးအတိုင်း
နောက်တော့လည်း အဝေးပြေးကားတွေ စီးရတယ်
သွားရမယ့်ခရီးက ပို၍ ဝေးလံလာတယ်
ဧရိယာကုဒ်တွေ အမျိုးမျိုးပြောင်းပြီးခေါ်ဆိုရတယ်
မြန်မာငွေကနေ နိုင်ငံခြားငွေကို လဲလှယ်ရတယ်
ဒီလိုနဲ့ ခရီးက လေယာဉ်ပျံကြီးစီးမှ ရောက်တော့မယ်တဲ့
လမ်းတွေအကြောင်း ငှက်ကလေး ကောင်းကောင်း သိခဲ့တော့တယ်
လူတွေအများကြီးနဲ့ဆက်ဆံရတယ် တဖြည်းဖြည်းပျောက်ဆုံးလာတယ်
ဒီလို ဆုံးရှုံးစရာတွေများမယ်မှန်းသိရင် ငှက်ကလေး မပျံသန်းခဲ့ဘူး တကယ်
သူ့အတွက်တော့ သူ ထင်မထားတာတွေပဲ ဖြစ်ခဲ့တယ်
ငှက်ကလေး မပျော်တော့ဘူး
မပျော်လို့လည်း အပျော်တွေကို မွတ်မွတ်သိပ်သိပ် ရှာခဲ့တယ်
ရောက်ရာအရပ်ကနေ ငှက်ကလေး ပြန်လှည့်ကြည့်တယ်
သူထွက်လာတုန်းက ထန်းပင်တွေကို မမြင်ရတော့ဘူး
လမ်းတွေက ရှည်လျားရှုပ်ထွေးခဲ့ပြီ
တရုတ်ဆိုင်ကယ်လေးကို ငှက်ကလေး သတိရလာတယ်
လိုရာကို ထိန်းကျောင်း မောင်းနှင်ခဲ့ဖူးတယ်
ခေတ်နဲ့ လမ်းများက သူ့ကို မောင်းနှင်ခဲ့သလိုပေါ့
ဘာပဲပြောပြော အဲဒီတုန်းက လူကြီးမိဘစကားကို နားထောင်ခဲ့တယ်
ရိုးသားခြင်းဟာလည်း ငါးပါးသီလလို မြဲမြံခဲ့
အရာရာကို အရင်းအတိုင်း ရခဲ့ဖူးတယ် ရှိခဲ့ဖူးတယ်
ဒါတွေတွေးမိတော့ မျက်ရည်စို့လာတယ်
တော်ပြီ မတွေးတော့ဘူးဆိုပြီး သနပ်ခါးလေးလိမ်း
စိတ်ပြေလက်ပျောက် ဘုရားကျောင်းကန်ဖက်ထွက်လာခဲ့တယ်
ရင်ပြင်တော်ပေါ် တံမြက်စည်းလှည်းတယ်
တံမြက်စည်းလှည်းရင်း မရဘူး ငှက်ကလေး စဉ်းစားမိပြန်တယ်
ဘုရားကျောင်းဝင်းထဲက စကားပန်းပင်ကြီးအကြောင်း စဉ်းစားတယ်
ငယ်ဘ၀ စာသင်ခန်းနဲ့ လွယ်အိတ်အနီလေးအကြောင်း စဉ်းစားတယ်
စဉ်းစားရင်း သတိတွေရလာတယ် ခံစားလာရတယ်
ခံစားချက်တွေရှိသေးလည်း လေချွန်သံကြားရင် မြစ်ဟောင်းတစ်စင်းနဲ့တူတဲ့ပုခုံးပေါ်ကို
ငှက်ကလေး အရင်လို အပြေးပျံသန်းသွားမှာမဟုတ်တော့ဘူး။

ပိုင်မင်းဆွေ